နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ၊ “အခက်အခဲကာလကိုဘုရားသခင်နှင့်ဖြတ်သန်းခြင်း”၊ ပဉ္စမနေ့

Sdílet
Vložit
  • čas přidán 25. 08. 2024
  • နေ့စဉ်ဝတ်ပြုခြင်းအလင်းပြ
    “အခက်အခဲကာလကိုဘုရားသခင်နှင့်ဖြတ်သန်းခြင်း”၊ ပဉ္စမနေ့
    အဓိကအချက် - “ခက်ခဲချိန်များမှာ ကယ်တင်ဖေးမသော သခင်ဘုရား”
    ဖတ်ရန်ကျမ်းချက် - ရှင်မာကုခရစ်ဝင်ကျမ်း ၆း၄၅-၅၂
    “လှေပေါ်၌ သူတို့ရှိရာသို့ တက်တော်မူလျှင် လေသည်ငြိမ်လေ၏။ ထိုသူတို့သည် အတိုင်းထက်အလွန် မိန်းမောတွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။-” (မာကု၊ ၆း၅၁)
    ဒီကျမ်းစာ မှာဖော်ပြထားတာက တပည့်တော်များ အိုင်အလည် လေလှိုင်းကြားထဲနစ်မြုတ်လုဖြစ်နေချိန်မှာ ကိုယ်တော်ကြွလာတော်မူပါတယ်။ အဲ့ဒီမတိုင်ခင် ညနေပိုင်းမှာ လူ ငါးထောင်ကို သခင်ယေရှုသည် မုန့်ငါးလုံးနဲ့ငါးနှစ်ကောင် အားဖြင့် ကျွေးမွေးခဲ့ပါတယ်။ သခင်ယေရှုသည် အဲ့ဒီ လူအုပ်ကြီးမှခွာပြီး အေးချမ်းသာယာတဲ့ တောင်ပေါ်မှာ တစ်ဦိးတည်းဆုတောင်းဖို့ ကျန်နေခဲ့ပြီး တပည့်တော်တို့ကို အိုင်တစ်ဖက်ကို အရင်ကူးစေပါတယ်။
    အိုင်ကိုကူးဖြတ်ထွက်ခွာလာတာဟာ သူတို့ရဲ့ဆန္ဒသဘောအရမဟုတ်ပဲ သခင်ယေရှု အလိုရှိလို့ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်တော်ကို ဘုရင်တင်မြောက်ဖို့ပြင်ဆင်နေကြတဲ့လူအုပ်ကြီး နဲ့ခွာနေဖို့ ကိုယ်တော်ရည်ရွယ်ခဲ့ပါတယ် (ယောဟန်၊ ၆း၁၅)။ ခန္ဓာပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကနေ ခွာနေပြီး စိတ်ပိုင်းဆိုင်ရာ အနားယူဖို့လည်း ရည်ရွယ်မှာဖြစ်သလို အန္တရယ်ကိုရင်ဆိုင်စေပြီး လှိုင်းတံပိုးတွေကို ကိုယ်ခွန်ကိုယ့်အားနဲ့ ဖြေရှင်းခြင်းထက် သခင်ယေရှုရဲ့ တန်ခိုးတော်နဲ့‌အောင်မြင်ခြင်းကို တပည့်တော်တွေဘဝမှာ ထပ်မံသင်ယူဖို့ သင်ခန်းစာတစ်ခု အနေနဲ့ တွေ့ကြုံစေခြင်းလို့ ယူဆရပါတယ်။
    ဒီဖြစ်ရပ်မှာ ခွန်အားယူနိုင်တာက
    ၁။ သခင်ယေရှု မုန်တိုင်းကြားက ကြွလာတော်မူပါတယ်။ လူအုပ်ကြီးရဲ့ ဖိအားတွေကနေခွာပြီး အေးချမ်းသာယာတဲ့ တောင်ပေါ်မှာ ဆုတောင်းနေတဲ့ သခင်ယေရှုသည် တပည့်တော်တွေလိုအပ်ချိန်မှာ အေးချမ်းသာယာတဲ့ နေရာကိုထားခဲ့ပြီး လိုအပ်တဲ့သူတွေဆီကို လှိုင်းတံပိုးကြားက ကြွလာတော်မူပါတယ်။ ကျွန်တော်တို့ အတွက်ဆုတောင်းပေးနေတဲ့ သခင်ဘုရားသည် ကျနောတို့လိုအပ်ချိန်တိုင်းကို သိမြင်ပြီး အချိန်မရွေးကြွလာကယ်တင်တဲ့ သခင်ဖြစ်ပါတယ်။
    ၂။ ကျွန်တော်တို့ကြောက်ရွံ့တဲ့ အကြောင်းအရာတွေကို အသုံးပြုပြီး သခင်ဘုရားကြွလာတော်မူတတ်ပါတယ်။ တပည့်တော်တွေရဲ့လှေကို နစ်မြုတ်စေမယ့် ကြောက်မက်ဖွယ် လှိုင်လုံးတွေအပေါ်မှာ ကိုယ်တော်စက်တော်ဖြန့်ပြီး ကြွလာခဲ့ပါတယ်။ ကျနော်တို့ကိုကြောက်လန့်စေတဲ့ ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေနဲ့ ချိန်းခြောက်မှုတွေကို ကျတော်တို့ကိုကယ်တင်ဖို့ ကိုယ်တော်အသုံးပြုတတ်ပါတယ်။ အဲ့ဒါတွေကကိုကျော်လွန်ပြီး ကယ်တင်မယ့်သခင်ရဲ့ အမှုတော်ကို မြင်တတ်ဖို့သာလိုပါတယ်။
    ၃။ နောက်ကျတယ်လို့ထင်ရပေမယ့် ကိုယ်တော်အချိန်မှီကြွလာကယ်တင်ပါတယ်။ တစ်ညလုံးနီးပါး လှိုင်းဒဏ်ကို ခံရပြီး မိုးလင်းခါနီး သုံးချက်တီးမှ ကိုယ်တော်ကြွလာတော်မူပါတယ်။ တပည့်တော်တွေ အားကုန်လုနီးပါးဖြစ်တဲ့ အချိန်ဖြစ်ပါတယ်။ သို့သော်လည်း အချိန်လွန်မှကြွလာခြင်းမဟုတ်ပဲ အချိန်မှီကြွလာကယ်တင်တော်မူပါတယ်။
    လှိုင်းတံပိုးအခက်အခဲကြားထဲမှာ နစ်မြုတ်လုမတတ် ရုန်းကန်ကူးခတ်နေကြတဲ့ ကျွန်တော်တို့ဆီကိုလည်း ကိုယ်တော်အချိန်မှီ ကြွလာပြီး တည်ကြည်သောစိတ်ရှိပါ၊ မကြောက်နဲ့ ငါပင်ဖြစ်တယ်လို့ မိန့်တော်မူချက်ကို ရှင်းလင်းစွာကြားနာခံယူပြီး တန်ခိုးတော်အားဖြင့် လွတ်မြောက်ခြင်းနဲ့ငြိမ်သက်ခြင်းကိုခံယူကြဖို့ဖြစ်ပါတယ်။
    ဆင်ခြင်ရန် - မုန်တိုင်းလှိုင်တံပိုးတွေကို ကြည်နေမယ့်အစား၊ မုန်တိုင်းလှိုင်းတံပိုးတွေရဲ့ အထက်က ကိုယ်တော်ကိုသာမျော်ကြည့်ပါ။
    ဆုတောင်းရန် - ခက်ခဲချိန်များမှာ ကြောက်ရွံ့တုန်လှုပ်နေသောကျွန်ုပ်တို့အားခံရပ်နိုင်သောခွန်အားပေးပါ။ လောကဓံရဲ့ ကြမ်းတမ်းခက်ခဲသော လှိုင်တံပိုးတွေ ကို ကျွန်ုပ်တို့ မကျော်လွှားနိုင်ကြောင်းဝန်ခံလျှက် ကိုယ်‌တော်ရဲ့ ကယ်တင်ဖေးမကယ်နုတ်ခြင်းကိုတောင်းလျှောက်ပါတယ်။ လွန်မြောက်စေပါသခင်။ အာမင်

Komentáře •