ရထား▪︎​မောင်​ချောနွယ်

Sdílet
Vložit
  • čas přidán 8. 09. 2024
  • #​မောင်​ချောနွယ် #လွယ်အိတ် #PoetryReading
    စိတ်တိုင်းသိပ်မကျလို့ ဒုတိယအကြိမ် Edit လုပ်ပြီးတင်ခြင်းပါ။ဒါဘည်း စိတ်တိုင်း​တော့သိပ်မကျ​သေး 👀
    Facebook Page🌱
    fb.watch/aSkZu...
    " ရထား "
    ________
    အမြဲတမ်း နောက်ကျသူ နာရီအိုကြီးလို့
    အမြဲတမ်း နောက်ကျနေသူ နာရီအိုကြီးကို တင်ဆောင်ကာ
    ရထားထွက်ခဲ့ပြီ။
    ကုန်ဘောင်ခေတ်ဘူတာကို
    ထားခဲ့၊
    အထီးကျန်ရဲတိုက်ကို
    ထားခဲ့၊
    ချည်မျှင်နဲ့ ရက်ထားတဲ့ အမရပူရမြို့ကို
    ထားခဲ့၊
    လေတွေနဲ့ အိမ်ထောင်ရက်သားကျသူ
    တောင်သမန်အင်းကို
    ထားခဲ့၊
    သားပျက်ကျသူ သပြေတန်းကို
    ထားခဲ့၊
    စစ်ပင်ကြီးကိုင်းပြီး တံတားဖြစ်နေတာကို
    ထားခဲ့၊
    ရထားလာခဲ့ပြီ။
    လောကီကြောင်းသမားလေး ရထားလေ
    ရထားသွားမှာက
    မြစ်မောင်နှံ သစ္စာထားတဲ့အရပ်၊
    အဲသည်မှာက
    နေဟာလဲ မျက်ဖြူလန်လို့၊
    အဲသည်မှာက
    တချို့မြစ်တွေဟာလည်း
    အနားယူလို့ပေါ့။
    အဲသည်မှာက
    တောင်ခိုးနဲ့တိမ်တွေ
    လင်ခန်းမယားခန်း အနေအထိုင်တွေကလည်း ရှိ၊
    အဲသည်မှာက
    ​လေဟာပြင်
    တောင်တန်းနဲ့မြူတွေ
    လူလိုသူလို အနေအထိုင်တွေကလည်းရှိ၊
    အဲသည်မှာက
    အောင်မြင်စွာ ဆုတ်ခွာခြင်းနဲ့ ကမ္ဘာကျော်ခဲ့
    အခုတော့ မုဆိုးမလေးဘဝရောက်ရသူ
    ကမ္ဘာကျော် လီဒိုလမ်းမလည်းရှိ၊
    အဲသည်မှာက
    ကမ္ဘာ့မြေ ရင်ဘတ်ထဲက အသည်းနှလုံးဟာ
    အစိမ်းရောင် အသွေးအသားရှိ
    သခင်ရှာ သခင်ရှားတဲ့ ရတနာတွေ ဘာတွေဖြစ်
    အဲသည် ရတနာတွေက
    အပျိုဖော်ဝင်ကြ
    အပျိုသွေးကြွကြ
    ရည်းစားသနာထားကြ
    (ကမ္ဘာနဲ့လူသားနဲ့ပေါ့)
    ပြီး -
    လင်ယူကြ သားမွေးကြ
    မြွေတွေ တွင်းဝင်ဖြောင့်သလို
    လျောခနဲ၊
    ကြောင်တွေ ပေါ့ပါးသလို ပေါ့ပါးကြ၊
    ဆင်တွေလို ခွန်အားဗလ ပြည့်ဝကြတာလည်း
    ရှိသပေါ့၊
    အဲသည်မှာ
    လောကဓံတရားကလည်း ဂျပ်ခုတ်ပုဆိုးယက်နေသမို့
    ရထားဟာ
    အဲသည်ကို ချစ်တယ်ပေါ့၊
    ရထားက
    အဲသည်ကို စွဲလမ်းတယ်ပေါ့၊
    ရထားက
    အဲသည်မှာ ပျော်တယ်ပေါ့၊
    ရထားရင်ခေါင်းထဲ
    ဘယ်လို ရာသီဥတု ရောက်နေသလဲ
    လူတွေ လူတွေ
    မသိကြချေဘူး။
    ရထားအပေါ် ဗိုလ်ကျစိုးမိုးပြီး
    ကိုယ်လိုရာခရီး ရောက်ဖို့ပဲ
    စိတ်တွေ
    စောနေကြ
    ရထားလာခဲ့ပြီလေ။
    ရထားပေါ်မှာ
    ဗုံသံတွေထဲ
    ကျွံကျခဲ့သူ လူငယ်တစ်ယောက်လည်းပါရှိ၊
    အဲသည်လူငယ်က ဖြားယောင်းခဲ့လို့မို့
    ဆရာဝန်ဘဝ မေ့ခဲ့ရသူ
    ကောင်မလေးတစ်ယောက်လည်းပါရှိ
    ရထားတွဲတစ်တွဲလုံး
    ငေါက်ငမ်းသူလည်း ပါရှိ၊
    နွားပွဲပြန် အရက်မူးတောသား
    စကားတဖောင်ဖောင်လည်း ပါရှိ၊
    မြို့တစ်မြို့လုံး
    ဝယ်ချမ်း စားသောက်ခဲ့သူလည်းပါရှိ
    ဆယ်ဘဝပြောင်းလဲ
    သစ္စာမရနိုင်သူလည်းပါရှိ
    အရက်မသောက်လိုက်ရတဲ့
    မြို့တစ်မြို့လည်းပါရှိ၊
    ''ငွေကို ရေချိုးချမှ ရောဂါပျောက်တယ်ဗျ'' လို့ပြောပြီး
    အမှန်တကယ်
    နလန်ထလာသူလည်းပါရှိ၊
    ကားလည်းမရှိ အိမ်လည်းမရှိ
    အင်္ကျီလည်းမရှိ
    မရှိသူလည်းပါရှိ
    မကောင်းမပြောချင်ပေမယ့်
    ပြောလိုက်မိပါရဲ့
    သုံးလင်ပြောင်းတဲ့ မိန်းမလည်းပါရှိ၊
    သုံးကျောင်းပြောင်းတဲ့ ရဟန်းလည်း ပါရှိသပေါ့။
    ဘယ်တောဝင်ဝင်
    ဘယ်တောင်တက်တက်
    အရောင်မပြောင်းဘူးဆိုတဲ့
    ကင်းလိပ်ချောလည်းပါရှိ
    ကိုယ်ကျိုးစွန့်သူ
    သူဆင်းရဲသားလေးလည်းပါရှိ
    ဒေသထွက် ရာသီစာလေးတွေလည်းပါရှိ
    ကမ္ဘာသုံး ဘာသာစကား ပြောတတ်ရုံနဲ့
    အနုပညာရပြီလို့
    ဘဝင်မြောက်နေတဲ့သူလည်းပါရှိ
    ကြေးစားဘဝမှာ နူဝဲနေသူနဲ့
    သူ့ရဲ့ကိုယ်နံ့လည်းပါရှိ
    မုဆိုးခြုံက မယားနဲ့ ကွဲနေသူလည်းပါရှိ
    နွားခိုး ဘိန်းစားနဲ့ ဘုရားတကာလည်း
    ပါရှိခဲ့တယ်ပေါ့
    ရထားလာခဲ့ပြီ။
    ရေနစ်နေတဲ့ ကျောက်ခဲရဲ့
    တသွင်သွင်မျက်ရည်လည်းပါရှိ
    ခါးတောင်းကျိုက် ပြုတ်ကျတဲ့
    ချောတိုင်တက်သမားလည်း ပါရှိ
    ရထားဟာ
    ကုန်သည်လေမှန်တွေကိုလည်း
    သယ်ဆောင်လာခဲ့ရ
    ရထားဟာ
    ရွှေဘိုမြင်းပေါက်စတွေကိုလည်း
    သယ်ဆောင်လာခဲ့ရ
    ရထားဟာ
    ကြက်ခြင်းနဲ့ ကြက်ခြင်းထဲက ကြက်တွေကိုလည်း
    သယ်ဆောင်လာခဲ့ရ
    ရထားဟာ
    သဲကန္တာရ အသွင်ပြောင်း နေထိုင်တဲ့
    ပင်လယ်ကိုလဲ
    သယ်ဆောင်လာခဲ့ရ
    ရထားဟာ
    မြို့အရက် တောအရက်တွေကို
    အားပေး သောက်သုံးခဲ့ရ
    သယ်ဆောင်လာခဲ့ရ
    ရထားဟာ
    ညအနေအထိုင်နဲ့ နေ့တွေကို
    သယ်ဆောင်လာခဲ့ရ
    ရထားဟာ
    သူဖြတ်ကျော် နင်းမိသမျှ
    တံတားတွေကိုလည်း
    သူပြန်တင်ဆောင်လာခဲ့ရ
    ရထားဟာ
    သူကြည့်မိသမျှ
    ရှုမျှော်ခင်းတွေ
    အဲသည် ရှုမျှော်ခင်းတွေရဲ့
    ကိုယ်ရည် ကိုယ်သွေးတွေကိုပါ
    သူပြန်တင်ဆောင်ခဲ့ရ
    ရထားဟာ
    သူ့ခေါင်းပေါ်က
    ကိလေသာတိမ်တိုက်တွေကိုလည်း
    တင်ဆောင်လာခဲ့ရ
    ရထားဟာ
    သူ့အောက်က
    သိမ်ငယ်စိတ်မွေးတဲ့ ချောင်းပေါက်စတွေကိုလည်း
    တင်ဆောင်လာခဲ့ရ
    ရထားဟာ
    သူ့ဘေးဝဲယာက
    လောကပါလ တောင်တန်းတွေကိုလည်း
    တင်ဆောင်လာခဲ့ရ
    ရထားဟာ
    လောကီကြောင်းသမားဆိုတော့
    မိုင်းမနင်းမိအောင်လည်း
    ခမျာမှာ သတိကထားရသေးသပေါ့
    ဒါပေမယ့်
    ရထားလာခဲ့ပါတယ်။
    သည်လိုနဲ့
    ရထားဟာ
    ရုပ်ရည်သနားကမားမြို့တွေ
    ချိုင်းချွေးစော်နံတဲ့ အိုးအိမ်တိုက်တာတွေ
    အသံကောင်းတဲ့ တောအုပ်တွေ
    အမြဲစိမ်းတောနဲ့ ရွက်ြေ
    ကိုယ်လက်နှီးနှောကြ ဒေသတွေ
    ဖားတို့ရဲ့ သြဂတ်စတာ လယ်ကွင်းတွေ
    သစ်ခုတ်သမား လက်စွမ်းပြ
    တောပြောင်ပြောင်တွေ
    ပေါင်မုန့်မီးကင်ထားသလို
    မြို့တွေ
    မုန့်လေပွေလို ရွာတွေ
    ရထားဟာ
    ဘဏ်စာရေးတစ်ယောက် ငွေတွေရေတွက်သလို
    တစ်မြို့ပြီးတစ်မြို့ ရေတွက်
    တစ်ခုပြီးတစ်ခု ​ရေတွက်
    တစ်တောင်ပြီးတစ်တောင် ရေတွက်
    အားလုံးကို ရေတွက်
    ရထားခရီးဆက်ခဲ့တယ်ပေါ့။
    သည်လိုနဲ့
    ရထားဟာ
    နဘားဆိုတဲ့
    အပ်နဖားပေါက်ကလေးတစ်ပေါက်မှာ
    မျက်နှာသစ်ပြီးတဲ့နောက်
    ရှေ့ခရီးဆက်မယ်လို့
    ရေထိတဲ့ကြောင် အမွှေးခါသလို
    သူ့ကိုယ်ကို လှုပ်ခါလိုက်ချိန်မှာ
    နှစ်သုံးဆယ်လုံးလုံး ပျောက်ဆုံးနေတဲ့
    မြို့တစ်မြို့
    ဘီးလှိမ့်စ ရထားပေါ်
    ဖျတ်ခနဲ ခုန်တက်လိုက်ပါ
    ရထားပေါ် ရထားပါလာခဲ့တာကိုပဲ
    ရထားပေါ် ရထားတင်ခဲ့ရတာကိုပဲ
    ရထား
    စိတ်ပျက်ခဲ့တယ်
    ရထားလာခဲ့ပြီ။ ။
    #မောင်ချောနွယ်
    #လွယ်အိတ် #PoetryReading
    #မောင်ချောနွယ် #ရထား #Train
    #မြန်မာကဗျာရွတ်ဆိုခြင်း

Komentáře • 3

  • @NayLin-vd5pj
    @NayLin-vd5pj Před 2 měsíci

    ❤❤❤

  • @thantunaunger7176
    @thantunaunger7176 Před rokem

    သိပ်မို​က်ပြီး သိပ်ကြိုက်ခဲ့ရ ရထား။

  • @poetrybag1474
    @poetrybag1474  Před 2 lety

    ရထား နဘား ​မောင်​ချောနွယ်နှင့် ခရီးသွား
    facebook.com/111300557254247/posts/453703753013924/